ကျောက်ကပ်ရောဂါရှိပြီဆိုရင် ခံစားရမယ့်လက္ခဏာ(၁၀)ချက်
ကျောက်ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာတတ်တဲ့ အရိပ်အမြွက် လက္ခဏာတွေကို လူတွေဟာ သာမန်ကာလျှံကာနဲ့ ကျော်သွားကြတာများပါတယ်။ အကယ်၍ သင့်မှာ ကျောက်ကပ်ရောဂါရှိနိုင်တဲ့ အခြေအနေတွေဖြစ်တဲ့ သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ မိသားစုမှာ ကျောက်ကပ်ပျက်တဲ့ ရာဇဝင်ရှိသူတွေ၊ အသက် ၆၀ ကျော်အရွယ်လူကြီးတွေဆိုရင် နှစ်စဉ် ကျောက်ကပ်အတွက် ဆေးစစ်ချက်တွေ မှန်မှန်ပြုလုပ်ပေးနိုင်ရင် ကောင်းပါတယ်။
ကျောက်ကပ်အားနည်းလာပြီဆိုရင် ဒီလိုအချက်တွေ ခံစားရနိုင်ပါတယ်။
၁။ ပင်ပန်းလွယ်၊ အားအင်ကုန်ခမ်းလွယ်ကာ အာရုံမစူးစိုက်နိုင်တဲ့ ပြသာနာတွေ ခံစားရခြင်း
ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက် ကျဆင်းကာ သွေးထဲမှာ အဆိပ်အတောက်တွေ စုပုံလာကာ မသန့်မစင် ဖြစ်လာပါတော့တယ်။ ဒီအချက်က လူကို ပင်ပန်းနွမ်းနယ်စေပြီး အာရုံစူးစိုက်ဖို့ အခက်တွေ့ရှိစေပါတယ်။ တစ်ခါ ကျောက်ကပ်ရောဂါဟာ သွေးအားနည်းစေနိုင်တဲ့အတွက် အားမရှိဖြစ်ကာ မောပန်းလွယ်စေပါတယ်။
၂။ အိပ်ပျော်ရန် ခက်ခဲခြင်း
ကျောက်ကပ်တွေဟာ ကောင်းစွာစစ်ထုတ်တဲ့အလုပ်ကို ပျက်ကွက်လာတဲ့အခါ အဆိပ်အတောက်များ ဆီးနဲ့အတူ ခန္ဓာကိုယ်ပြင်ပကို ထွက်သွားရမယ့်အစား သွေးထဲမှာ တင်ကျန်စေတဲ့အတွက် အိပ်စက်ဖို့ ခက်စေပါတယ်။ အဝလွန်တဲ့လူတွေမှာ ကျောက်ကပ်ရောဂါ ဖြစ်နိုင်ချေရှိတဲ့ အဆက်အစပ်က ရှိနေပြန်တော့ ပုံမှန်လူနဲ့ ယှဉ်ရင် နာတာရှည် ကျောက်ကပ်ဝေဒနာရှိသူတွေ အိပ်ချိန်မှာ အသက်ရှူရခက်ခဲတဲ့ပြသာနာ( sleep apnoea) လည်း ကြုံတွေ့နိုင်ချေ ရှိပြန်ပါတယ်။
၃။ အသားအရည် ခြောက်သွေ့ယားယံခြင်း
ကျန်းမာတဲ့ ကျောက်ကပ်တွေဟာ အရေးကြီးလုပ်ငန်းတွေ ဖြစ်တဲ့ ခန္ဓာကိုယ်မှ အရည်ပိုတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးတယ်၊ သွေးနီဥတွေကို ကူညီပေးတယ်၊ အရိုးတွေ သန်မာစေဖို့ ကူညီတယ်၊ သွေးတွင်း သတ္တုဓာတ်တွေကို မှန်ကန်တဲ့ ပမာဏရှိနေအောင် လိုတိုးပိုလျှော့ ဆောင်ရွက်ပေးတယ်။ အဆင့်မြင့်တဲ့ ကျောက်ကပ်ရောဂါရှိလာတဲ့အခါ မှန်ကန်မျှတတဲ့ သတ္တုဓာတ်နဲ့ အာဟာရပမာဏတွေကို မထိန်းညှိပေးနိုင်တော့တဲ့အတွက် အရိုးရောဂါနဲ့ သတ္တုဓာတ်မညီမျှတဲ့ လက္ခဏာဖြစ်တဲ့ အသားအရည် ခြောက်သွေ့ယားယံလာတတ်ပါတယ်။
၄။ ဆီးမကြာခဏသွားခြင်း
အထူးသဖြင့် ညဘက်တွေမှာ ဆီးမကြာခဏ ထသွားနေရပြီဆိုရင် ကျောက်ကပ်ရောဂါရဲ့လက္ခဏာဟု သံသယရှိသင့်ပါတယ်။ ကျောက်ကပ်ရဲ့ စစ်ထုတ်တဲ့ ဇကာကဲ့သို့အစိတ်အပိုင်းတွေ ပျက်စီးတဲ့အခါ ဆီးသွားချင်စိတ်ကို ခဏခဏ ဖြစ်ပေါ်စေပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ အမျိုးသားတွေမှာ ဆီးကြိတ်ကြီးတာလည်း ဖြစ်နိုင်ပါတယ်။
၅။ ဆီးထဲမှာ သွေးပါခြင်း
ကျန်းမာတဲ့ကျောက်ကပ်ဟာ သွေးဆဲလ်တွေကို ဆီးထဲပါမသွားအောင် စစ်ယူထားကာ အညစ်အကြေးတွေကိုသာ ပြင်ပသို့ ဆီးနဲ့အတူ စွန့်ထုတ်ပစ်ပါတယ်။ ကျောက်ကပ်ပျက်စီးနေတဲ့အခါမှာတော့ သွေးဆဲလ်တွေကို မစစ်ယူနိုင်တော့ပါ။ ဆီးထဲမှာ သွေးပါခြင်းဟာ ကျောက်ကပ်ရောဂါအပြင် အကြိတ်၊ ဆီးကျောက်နဲ့ ဆီးလမ်းကြောင်းပိုးဝင်တာတွေလည်း ဖြစ်နိုင်ပါသေးတယ်။
၆။ ဆီးအမြှုပ်ထခြင်း
ပူစီဖောင်းအမြှုပ်များ ရေလောင်းလိုက်တဲ့အချိန်မှာတောင် ကျန်သေးတတ်တာဟာ ဆီးထဲမှာ ပရိုတင်းဓာတ် (albumin) များနေတာကို ဖော်ပြပါတယ်။
၇။ မျက်လုံးပတ်လည် မို့ဖောင်းခြင်း
ဆီးထဲ ပရိုတင်းတွေ ပါသွားခြင်းဟာ ကျောက်ကပ်ရဲ့ စစ်ထုတ်တဲ့စနစ် ပျက်စီးနေပြီဖြစ်ကြောင်း ပြသတဲ့ အစောပိုင်းလက္ခဏာ ဖြစ်ပါတယ်။ မျက်လုံးမှာ မို့ဖောင်းနေတတ်တာဟာ ကျောက်ကပ်အားနည်းခြင်းကြောင့် ခန္ဓာကိုယ်မှာ ပရိုတင်းတွေ မလိုလားအပ်ပဲ ဆုံးရှုံးနေရကြောင်းကို ညွှန်ပြပါတယ်။
၈။ ခြေထောက်နဲ့ ခြေချင်းဝတ်များ ဖောင်းယောင်ခြင်း
ကျောက်ကပ် ကောင်းစွာ အလုပ်မလုပ်တော့ရင် ဆိုဒီယမ်ဓာတ်တွေ ပမာဏကျော်လွန်တဲ့အထိ ပိုလျှံလာတဲ့အခါ ခြေထောက်နဲ့ ခြေချင်းဝတ်တွေမှာ ဖောင်းယောင်လာပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်း ခြေထောက်မှာ ယောင်ယမ်းတာဟာ နှလုံး၊ အသည်းနဲ့ ခြေထောက်ယဲ့ သွေးပြန်ကြောတွေမှာ ပြသာနာရှိတာလည်း ဖြစ်တတ်ပါတယ်။
၉။ အစားအသောက်ပျက်ခြင်း
ဒီအချက်ကတော့ ရောဂါအတော်များများရဲ့ ယေဘုယျ လက္ခဏာလို့ ဆိုရပါမယ်။ ကျောက်ကပ်မကောင်းတော့လို့ ကိုယ်တွင်းအဆိပ်အတောက်တွေ စုပုံတဲ့အခါမှာလည်း စားမကောင်း၊ သောက်မကောင်း ဖြစ်နိုင်ပါတယ်။
၁၀။ ကြွက်သားများ ကြွက်တက်ခြင်း
ကျောက်ကပ်မကောင်းလို့ ဓာတ်ဆားဓာတ်တွေ မညီမမျှဖြစ်လာတဲ့အခါ Calcium ပမာဏနည်းလာခြင်းနဲ့ phosphorus ပမာဏ မထိန်းညှိနိုင်ခြင်းတို့ကြောင့် ကြွက်တက်စေနိုင်ပါတယ်။
ဒီအချက်တွေ ခံစားနေရပြီဆိုရင် ကျောက်ကပ်ရောဂါဟု သံသယရှိသင့်ကာ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးပြသဖို့ အကြံပြုလိုက်ပါတယ်။
ရေးသားသူ - Dr. May Myat Tun